အစာမျိုရခက်ခြင်း အကြောင်းရင်းများ
လူတိုင်းဟာ အသက်ရှင်သန်ဖို့ နေ့စဥ် စားသောက်တဲ့ အလုပ်ကို လုပ်ရပါတယ်။ ပါးစပ်ကနေ စားလိုက်တဲ့ အစာတွေကို ဝါးပြီး မျိုချတာကလည်း အစာခြေလုပ်ငန်းစဥ်ရဲ့ အရေးပါတဲ့ အဆင့်တစ်ခုပါ။
ပါးစပ်ထဲမှာဝါးပြီးတဲ့ အစာတွေကို လည်ချောင်းနဲ့ အစာရေမျိုကို ဖြတ်သန်းပြီး အစာအိမ်ထဲရောက်အောင် မျိုချကာ အစာအိမ်ထဲမှာ အစာခြေခြင်းကို ဆက်လက်လုပ်ဆောင်ပါတယ်။ အဲဒီလို မျိုချဖို့အတွက် ကြွက်သားတွေနဲ့ အာရုံကြောတွေက လုပ်ဆောင်ပါတယ်။ အစာမျိုချရခက်တာဟာ ပါးစပ်၊ လည်ချောင်းနဲ့ အစာရေမျိုမှာ ရောဂါရှိတာ ဒါမှမဟုတ် အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ပြမလဲ?
တခါတလေ အစာစားရင်း စကားပြောလိုက်တဲ့အခါ၊ အလောတကြီး မျိုချလိုက်တဲ့အခါ နင်သွားတာမျိုးက ဖြစ်တတ်တာမို့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့်…
- အစာစားတိုင်း၊ ရေသောက်တိုင်း မျိုချရခက်နေတာ
- မျိုချလိုက်တိုင်း နာနေတာ
- မျိုချလိုက်တိုင်း ချောင်းဆိုးတာ
- လည်ချောင်းထဲမှာ၊ ရင်ညွှန့်နားမှာ အစာက ကပ်နေသလို ခံစားရတာ
- သွားရည်မထိန်းနိုင်တာ
- မကြာခဏ ရင်ပူတာ
- ချဥ်စုပ်စုပ် အစာခြေအက်ဆစ်ရည်တွေနဲ့ အစာတွေ ပြန်ဆန်တက်တာ
- အသံဝင် အသံပြောင်းလာတာ
- ကိုယ်အလေးချိန် ကျလာတာ စတဲ့ လက္ခဏာတွေ အမြဲဖြစ်နေရင်တော့ ပေါ့ဆလို့မရတော့ပါဘူး။
ဘာ့ကြောင့် မျိုရခက်တာလဲ?
အစာရေမျိုကြောင့် မျိုရခက်တဲ့ အကြောင်းတွေထဲမှာ…
(1) အစာရေမျိုအောက်ပိုင်းမှာ ရှိတဲ့ ကြွက်သားက ပြေလျော့ခြင်းမရှိဘဲ တောင့်တင်းနေတာ (achalasia)
(2) အစာရေမျိုက ကျဥ်းနေတာ
(3) အစာရေမျိုကင်ဆာ အလုံးအကျိတ်တွေ ဖြစ်နေတာ
(4) ပြင်ပအရာတစ်ခုခုကြောင့် ဖြစ်တာ (ဥပမာ- အစာတစ်နေတာ၊ သွားတုကျွတ်ပြီး ဆို့နေတာ)
(5) အစာရေမျို ရောင်နေတာ
(6) လည်ပင်းနဲ့ ရင်ဘတ်တဝိုက် ဓာတ်ကင်ဖူးတာကြောင့် အစာရေမျိုက ကျဥ်းသွားတာ
(7) GERD လို့ခေါ်တဲ့ အစာခြေအက်ဆစ် ပြန်ဆန်တက်တဲ့ ရောဂါကြောင့် အက်ဆစ်လောင်ပြီး တစ်ရှူးတွေ ပျက်စီးသွားတာ
(8) Scleroderma လို့ခေါ်တဲ့ အရေပြားထူလေးဘက်နာရောဂါက အစာရေမျိုမှာပါ ဖြစ်တာတွေ ပါဝင်ပါတယ်။
ပါးစပ်နဲ့ လည်ချောင်းပြဿနာကြောင့် မျိုရခက်တဲ့ အကြောင်းတွေထဲမှာ…
(1) လေဖြတ်တာ၊ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးမှာ ထိခိုက်ဒဏ်ရာရလို့ အာရုံကြောတွေ ပျက်စီးသွားတာ
(2) Multiple Sclerosis, Muscular Dystrophy နဲ့ ပါကင်ဆွန်အကြောသေရောဂါလို အာရုံကြောရောဂါတွေ ဖြစ်တာ
(3) Myasthenia Gravis လို ကြွက်သားအားနည်းတဲ့ ရောဂါဖြစ်တာ
(4) ကင်ဆာနဲ့ ကင်ဆာကုသမှု (ဓာတ်ကင်တာ) ကြောင့် ဖြစ်တာတွေ ပါဝင်ပါတယ်။
အစာမျိုရခက်တာဟာ အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း၊ ပိန်ချုံးချိနဲ့လာခြင်း၊ Aspiration Pneumonia လို့ခေါ်တဲ့ အဆုတ်ထဲကို အစာတွေဝင်ရောက်ခြင်းကြောင့် အဆုတ်ရောင်ခြင်း၊ အစာဆို့ပြီး လေပြွန်ရုတ်တရက်ပိတ်ကာ အသက်အန္တရာယ်ရှိခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ လေဖြတ်ထားသူ၊ အာရုံကြောရောဂါရှိသူတွေမှာ ဆိုးကျိုးတွေ ပိုဖြစ်နိုင်ပါတယ်။
အစာမျိုရခက်တဲ့အကြောင်းတွေကတော့ အထက်မှာပြောခဲ့သလို အများကြီးပါပဲ။ ဘာကြောင့် မျိုရခက်ခက် မျိုရခက်တဲ့အကြောင်းရင်းကို သိရှိဖယ်ရှားမှသာ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အစာမျိုရခက်နေရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ မနှောင့်နှေးသင့်ပါဘူး။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်